top of page

ဘတ်စကက်ဘောအကြောင်း

ဘတ်စကက်ဘော (Basketball) အားကစားသည် ဘောလုံးကို လက်ဖြင့်ပုတ်ခြင်း၊ ပစ်၍ဂိုးသွင်းခြင်းပြုလုပ်ရသောကစားနည်းဖြစ်သည်။ ကစားရုံတွင်း၌ဖြစ်စေ၊ ကွင်းပြင်၌ဖြစ်စေ ကစားနိုင်သော ကစားနည်းမျိုးလည်း ဖြစ်သည်။ သံကွင်းတွင် တတ်ထားသည့် ခြင်းကဲ့သို့ ကြိုးဖြင့်ခက်ထားသော ပိုင်ထဲသို့ ဘောလုံးကို ပစ်သွင်းကစားခြင်းဖြစ်သည်။

History of Basketball vintage newspaper style.
History of Basketball

ဘက်စကတ်ဘော ကစားနည်းကို ၁၈၉၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မက်ဆချူးဆက်ပြည်နယ် စပရင်းဖီ:မြို့ရှိ ဝိုင်၊ အမ်၊ စီ၊ အေ ကောလိပ်မှ ကာယပညာ နည်းပြ ဆရာ ဒေါက်တာ ဂျိမ်းနေစမစ် ဆိုသူက စတင်တီထွင်ခဲ့သည်။ ၁၆ ရာစုနှစ်လောက်က မက္ကဆီကို ပြည်နယ်တွင် မာယာ လူမျိုးတို့သည် ယခုခေတ် ဘက်စကတ်ဘောနည်းနှင့် ခပ်ဆင်ဆင် ကစားနည်းမျိုးကို ကစားခဲ့ဘူးသည်ဆိုသော်လည်း ဒေါက်တာ နေးစမစ် တီထွင်သော ကစားနည်းမျိုးလောက် စံနစ်ကျခဲ့ဟန် မတူချေ။ ဘက်စကတ်ဘော ကစားခြင်းသည် ဘောလုံးကန်ခြင်းကဲ့သို့ လဟာပြင်၌သာ ကစားနိုင်သော လူအများနှင့် ကစားနည်းမျိုးကို မကစားနိုင်သည့်ရာသီတွင် ကစားရုံတွင်း၌ လူအများနှင့် ကစားနိုင်၍ ကစားရာတွင် ကိုယ်လက်လှုပ်ရှားမှုရှိသလောက် ကြမ်းတမ်းမှု၊ ထိခိုက်ဒဏ်ရာရစေမှု မရှိနိုင်သော ကစားနည်းကို စဉ်းစားတီထွင်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယင်းကစားနည်းကို စတင်တီထွင်စက လူမည်မျှပါဝင် ကစားရမည်ဟု အကန့်အသတ်မရှိ၊ ဘောလုံး အရွယ်အစား အလေးချိန်ကိုလည်း သတ်မှတ်ခြင်းမရှိချေ။ ၁၉၂၈ ခုနှစ်တွင်မှ ဝိုင်၊ အမ်၊ စီ၊ အေ အသင်းက ပထမဆုံးသော ဘက်စကတ်ဘော စည်းမျဉ်း ဥပဒေ ၁၃ချက်ကို ချမှတ်ပြဋ္ဌာန်းလိုက်သည်။ ယင်းကစားနည်းများကို ဝိုင်၊ အမ်၊ စီ၊ အေ အတွင်းရေးမှူးများက ကမ္ဘာအနှံ့ ပျံ့နှံ့အောင် ဖြန့်လိုက်ရာ မြှော်လင့်သည်ထက် လူကြိုက်များသည်ကို တွေ့ရသည်။ ယခုအခါ ကမ္ဘာပေါ်ရှိ လူပေါင်း သန်း ၂၀ကျော် ခန့် ကစားနေသော ကစားနည်းတစ်ခုဖြစ်နေလေသည်။ ကစားရုံကလေးအတွင်း လူတစု အပျင်းပြေကစားရန် ရည်မှန်းချက်ထားခဲ့သော ကစားနည်းသည် ကမ္ဘာသို့ ပျံ့နှံ့၍ လူများစု ပျော်ရွင်စွာ လက်ခံကစားလာသော ကစားနည်းတစ်ခု ဖြစ်လာခဲ့သည်။ ထိုမျှသာမက ယခုအခါ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲများ၌ ပါဝင်လာပြီဖြစ်သော ကစားနည်းတစ်မျိုးပင် ဖြစ်နေလေပြီ။ ၁၉၃၆ခုနှစ် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပသော အိုလံပစ် ပြိုင်ပွဲတွင် ယင်းကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းခဲ့ရာ နိုင်ငံပေါင်း ၂၀နိုင်ငံမှ ယှဉ်ပြိုင်ကစားကြ၍ ပထမဆုကို အမေရိကန်ပြည်ထောင်စုက ရရှိလေသည်။


ဘက်စကတ်ဘော စည်းမျဉ်းဥပဒေဆိုင်ရာကော်မတီက သတ်မှတ်ထားသော ဘက်စကတ်ဘောကွင်းသည် အကျယ်အဝန်းမှာ အကြီ:ဆုံး ၉၄ ပေနှင့် ပေ ၅၀ ရှိ၍ အငယ်ဆုံး ၇၄ပေနှင့် ၄၂ပေ ရှိရမည်။ ကစားကွင်း၏ ထိပ်၂ဖက် အလယ်တည့်တည့်၌ မြေကြီးမှ ၉ပေ အမြင့်တွင် ထောင့်မှန်စတုဂံပုံ ပျဉ်ပြားကြီးတစ်ခုကို တိုင်စိုက် ရိုက်ကပ်ပြီး ထောင်ထားရသည်။ သံခွေတွင် ကြိုးခိုင်ခိုင်ဖြင့် ခတ်ထားသော ပိုက်တခုစီစွပ်ထားရသည်။ ယင်းပိုက်သည် အထက်အောက်အပွင့် ဖြစ်၍ ပိုက်အဖျားသည် မြေကြီးမှ ၁၀ပေ ကွာရသည်။


ကစားရာတွတင် အသုံးပြုသောဘောလုံးသည် ဘောလုံးကန်ရာ၌ သုံးသော ဘောလုံးကဲ့သို့ အတွင်းလေလုံရော်ဘာ ဘောလုံးဖြစ်ပြီး အပြင်က သားရေဖြင့် ပတ်ချုပ်ထားသည်။ ဘောလုံးအဝန်းမှာ ၂၉လက်မမှ လက်မ ၃၀ အထိရှိ၍ အလေးချိန်အားဖြင့် အောင်စ ၂၀မှ ၂၂အောင်စ အထိရှိသည်။ ဘောလုံးထဲသို့ လေချိန် ၁၃ပေါင်ထိုးရသည်။


ကစားပွဲတစ်ပွဲတွင် အဖွဲ့ ၂ဖွဲ့ ယှဉ်ပြိုင်ကစားနိုင်၍ တဖက်၅ယောက်စီ ကစားရသည်။ ကွင်းလယ်ရှိ ဗဟိုစည်းဝိုင်းတွင် တယောက်စီ၊ ဂိုးစောင့် ၂ယောက်စီနှင့် ရှေ့တန်း ၂ယောက် ကစားရသည်။ အဖွဲ့တဖွဲ့တွင် ပါဝင်ကစားနေသူ ၅ယောက်အပြင် အရံလူ ၇ယောက်စီ ထားနိုင်ပြီး အလဲအလှယ်ဝင်ကစားနိုင်သည်။ ပါဝင်ကစားသူသည် ဘောလုံးကို သယ်ဆောင်မပြေးရချေ။ အဖွဲ့ဝင် အချင်းချင်းထံသို့ ဘောလုံးရောက်အောင် ပစ်ပေးခြင်း၊ ပြေးရင်း ပုတ်၍ ပုတ်၍ ပို့ပေးခြင်း၊ လှိမ့်ပေးခြင်း ပြုရသည်။ လူချင်းတွန်းထိုး တိုက်ခိုက်ခြင်း လုံးဝမရှိအောင် ကစားရသည်။


ဘက်စကတ်ဘော ကစားသည့်အခါ တပွဲလျှင် မိနစ် ၄၀ကစားရသည်။ ပထမ မိနစ် ၂၀ ပြီးလျှင် ၁၀မိနစ်နားပြီး နောက်ဖက်ပြောင်း၍ နောက်ထပ် မိနစ် ၂၀ ကစားရသည်။ ဒါသည် အပြည်ပြည်ဆိုင်ရာ ဘက်စကတ်ဘော စည်းမျဉ်း ဥပဒေအရဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၁၀မိနစ်လျှင် တစ်ခါ ၄ကြိမ်နား၍ ကစားလေ့ရှိသည်။


ကစားနည်းမှာ ကွင်းအလယ်ရှိ လူ၂ယောက်ကြားမှ နေ၍ ဒိုင်လူကြီးလုပ်သူက ဘောလုံးကို အပေါ်သို့ ၂ကိုက်သာသာခန့် မြှောက်၍ ပေးသည်။ ကျလာသော ဘောလုံးကို အလယ်လူ ၂ဦးက သူရ ကိုယ်ရ ခုန်ဖမ်းကာ ဘောလုံးရသူက မိမိဂိုးရှိရာဖက်နေ မိမိအဖွဲ့ဝင်ထံ ရောက်အောင် ပို့ပေးရသည်။ ဘောလုံးရနေသည့်ဖက်က ဂိုးသွင်းနိုင်အောင် ကြိုးစားသကဲသို့ ကျန်အဖွဲ့ဝင်ထံ ရောက်အောင် ပို့ရသည်။ ဂိုးသွင်းသည် ဆိုသည်မှာ ပိုက်တပ်ထားသော သံကွင်းထဲသို့ ဘောလုံးကို ပစ်သွင်း၍ ပိုက်ပေါက်မှ ဘောလုံးကျလာအောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ တဖက်နှင့်တဖက် ယှဉ်ပြိုင်ကစားရာ၌ ဂိုးအရေအတွက်၊ သို့မဟုတ် အမှတ်အများဆုံးရသော အဖွဲ့က အနိုင်ရသည်။ ရိုးရိုး ဂိုးသွင်လျှင် ၂မှတ်ရ၍ ပြစ်မှုကြောင့်ပေးသည့် အသားလွတ်သွင်းရသော ဂိုးအတွက် ၁မှတ်ရသည်။ မိမိကိုယ်ကိုယ်မထိခိုက်စေပဲ အသိသတိလေးဖြင့် ဂိမ်းများကို ဖျော်ဖြေမှု‌အနေနဲ့ ပျော်ရွှင်စွာကစားကြပါစို့။ ACE Fair Games Union မှ Website ကို လာရောက်လေ့လာသူအားလုံးကိုကျေးဇူးတင်ပါတယ် ပျော်ရွှင်သောနေရက်လေးဖြစ်ပါစေ။



49 views0 comments

Comments


bottom of page